Before Sunrise
Before Sunrise ကို နေမထွက်ခင်ကြည့်ပြီး ကျွန်တော် အတွေးလွန်ခဲ့တယ်။
သူတို့နှစ်ယောက် ရထားပေါ်မှာဆုံရတာ ဖူးစာကြောင့်လို့ပြောရင် ကျွန်တော်သိပ်မုန်းမိမှာ။ ဒါက ဖူးစာမဟုတ်တာ သိသာတယ်မလား။ ရထားပေါ် ထိုင်ခုံလွတ်တွေ အများကြီးရှိတဲ့ထဲက Jesse ရဲ့ ဘေးခုံမှာ Celine လာထိုင်တယ်။ Jesse ကလည်း အရဲစွန့်ပြီး စကားစခဲ့တယ်။ ဒါက ဖူးစာမဟုတ်ဘူး။ ကံစေရာမဟုတ်ဘူး။ သူတို့ကိုယ်တိုင် ဖန်တီးခဲ့ကြတဲ့ အခိုက်တန့်ပဲ။
"အသက်ကြီးလာရင် ယောက်ျားတွေက အကြားအာရုံလျှော့လာတယ်" "စိတ်ဆက်လာတဲ့မိန်းမတွေနဲ့အတူ အပြန်လှန်အကျိုးပြု ရှင်သန်နိုင်အောင်" တဲ့။ ဪ... သူတို့ နောက် ၁၈ နှစ် ကိုများ ကြိုတင်ဟောပြောလိုက်သလားပဲ။
သူစိမ်းတစ်ယောက်ကို သူစိမ်းမြို့တစ်ခုမှာ သူနဲ့ တစ်ညကုန်ဆုံးဖို့ ပြောနိုင်တဲ့ Jesse ရဲ့ တော်ကီတွေကို ကျွန်တော်သင်ယူရဦးမယ်။ သူစိမ်းတစ်ယောက်ကို သူစိမ်းဘူတာရုံမှာ ယုံကြည်အရဲစွန့်နိုင်တဲ့ Celine ရဲ့ သတ္တိမျိုး ကျွန်တော်မွေးရဦးမယ်။ သူတို့နှစ်ယောက်ကြားမှာ connection ရှိနေပြီပဲ။ ဘာလိုသေးလို့လဲ။ Connection မရှိတဲ့ အိမ်ထောင်က၊ connection ရှိတဲ့ အိမ်ထောင်နဲ့ ဘာကွာလဲလို့ Celine တစ်ယောက် ရထားပေါ်ကမဆင်းခင် တွေးမိမှာ သေချာတယ်။
Vienna မြို့ကြီးက လှလိုက်တာ။ မိုင် ၆၀၀ ကျော်အကွာက Paris မြို့ကြီးနဲ့တောင် ခပ်ဆင်ဆင်ပဲ။ သူတို့နှစ်ယောက် မြို့ပတ်ပြီး စကားပြောကြတာမြင်တော့ ဆူးလေက မြို့ထဲလမ်းတွေလျှောက်ပြီး စကားပြောချင်တဲ့စိတ်က တစ်ဖွားဖွားဝင်လာတယ်။ လမ်းလျှောက်ရတာ ညောင်းလာရင်တော့ မဟာဗန္ဓုလပန်းခြံက လွတ်လပ်ရေးကျောက်တိုင်ဘေးထိုင်ပြီး မြို့တော်ခန်းမကြီးကိုကြည့်ရင်း စကားဆက်ပြောကြတာပေါ့။
"လက္ခဏာဖတ်တဲ့ဘွားတော်ကြီးက အူကြောင်ကြားကြီးပါကွာ" သူကပြောတယ်။ သူမ ရယ်နေပေမဲ့ မကြိုက်တဲ့မျက်နှာထားက အသိအသာကြီး။ ဒါက music booth ထဲမှာ အတူနားထောင်နေတုန်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်တဲ့အကြည့်တွေ မဟုတ်တော့ဘူး။ သူမရဲ့အကြည့်က ထူးခြားနေတယ်။
Donaukanal မြစ်ဘေးက ကဗျာဆရာရေးတဲ့ milk shake ကဗျာက တယ်မိုက်သရော။ သူတို့ရဲ့ ပထမဆုံးရန်ဖြစ်တဲ့အချိန်ကထွက်လာတဲ့ စကားလုံးမလို့လား၊ ဘာလားတော့ မသိဘူး။ ဒါတောင် Jesse က ကဗျာဆရာကို သရော်ချင်တာ။ ရန်ထပ်မဖြစ်ချင်လို့ ထိန်းလိုက်ရတယ်။ Connection ရှိပါတယ်ဆိုတဲ့ အတွဲတောင် သူတို့ပထမဆုံးညမှာ အနေအထားက ခပ်တင်းတင်းရယ်။
ဒါနဲ့ ပြီးခါနီးတော့ ဒီနှစ်ယောက် တစ်ခုခုလိုနေပြီဆိုတာ သတိထားမိလာပြီ။ ဟို နွားပြဇာတ်ကို မသွားလိုက်လို့လား။ ဒါကလည်း အဲ့လောက်ကြီး အရေးမကြီးပါဘူး။ ဪ... နေထွက်ပြီလေ။ သူတို့နှစ်ယောက် ခွဲရတော့မှာပဲ။ Vienna ရထားဘူတာမှာ စခဲ့ရတဲ့ ဇာတ်လမ်းက၊ ထို ဘူတာမှာပဲ ဇာတ်သိမ်းရတော့မယ်။ သူတို့ မခွဲနိုင်ပါဘူး။ ၆ လကြာရင် ပြန်တွေ့ပါမယ်လို့ မသေချာတဲ့ ကတိတွေ အထပ်ထပ်ပေးတယ်။
တကယ်တော့ ၆ လကြာရင် ပြန်တွေ့ခြင်း မတွေ့ခြင်းက အရေးမကြီးတော့ဘူး။ သူတို့နှစ်ယောက် ဘဝမှာ အကောင်းဆုံး conversation တစ်ခုကို ဖန်တီးခဲ့ကြပြီးပြီလေ။ နောက်ဆုံး...
"Bye.""Good-bye.""Au revoir.""Later."
...တဲ့ လေ။ ဪ... တကယ် ခွဲခွာခဲ့ရပြီပဲ။
ကျွန်တော်လေ ရုပ်ရှင်တစ်ခုကို ၁ နှစ် ထဲ၊ ၂ ခေါက် ပြန်ကြည့်လေ့မရှိဘူး။ Before Sunrise က ထူးခြားတယ်။ ဘာလို့ပြန်ကြည့်ဖြစ်ခဲ့တာလဲဆို ပထမတစ်ခေါက် ကြည့်ပြီးတည်းက ဦးနှောက်ထဲ ထပ်ခါထပ်ခါ ပြန်တွေးမိနေလို့ပဲ။